ထိုင်းနိုင်ငံမှာ ဆေးကုပြီးရင် ပရိသတ်တွေအတွက် အမြန်ဆုံးပြန်လာမယ်ဆိုတဲ့ ကျော်မင်းဦး

91

ထိုင်းနိုင်ငံမှာ ဆေးကုပြီးရင် ပရိသတ်တွေအတွက် အမြန်ဆုံးပြန်လာမယ်ဆိုတဲ့ ကျော်မင်းဦး

ခြေထောက်ဒဏ်ရာကြောင့် လက်ရွေးစင်ကစားသမားဘဝမှ အနားယူသွားရတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်း ကျော်မင်းဦးကိုတော့ တော်တော်များများလည်း ရင်းနှီးပြီးသား ဖြစ်လောက်မှာပါ။ ကျော်မင်းဦးကတော့ ဒဏ်ရာပြသာနာကြောင့် သူအရမ်းချစ်မြတ်နိုးရတဲ့ အားကစားကို စွန့်လွှတ်ရလောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အိမ်မက်တွေ ပြန်လည်ရှင်သန်လာဖို့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌတယောက်ဖြစ်တဲ့ ဦးဇော်ဇော်ကတော့ ဆေးကုသပေးဖို့ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ကျော်မင်းဦးအနေနဲ့ လက်ရှိမှာတော့ ထိုင်းနိုင်ငံကို သွားရောက်ပြီးတော့ ဆေးကုသမှုသွားရောက်ခံယူတော့မှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ကျော်မင်းဦးကတော့ Cele Gabar နဲ့ အင်တာဗျူးတွင် ထိုင်းနိုင်ငံကို ဘာကြောင့်သွားမှာလဲ ဆိုတဲ့အပေါ်မှာတော့ “ကျနော် ဆေးစစ်ဆေးမှုတွေ သွားပြီးတော့ လုပ်မှာပေါ့။ ကျနော်ကို ခွဲတဲ့ဆရာဝန်ကြီးတွေနဲ့ပဲ သွားတွေ့ရမှာပေါ့။ ကျနော် ဘယ်ဖက်ခြေထောက်က ခွဲရမလား။ ဒီတိုင်းပဲ ကျန်းမာအောင် ပြန်လုပ်ရမလား။ အဲ့ဒါတွေ သွားလုပ်ရမှာပေါ့”

နိုင်ငံအတွက် အမြန်ဆုံး ဘောလုံးပြန်ကစားချင်နေပြီလားဆိုတဲ့ အပေါ်မှာတော့ ကျော်မင်းဦးက “ကျနော်ကစားချင်တာပေါ့။ အများကြီးကစားချင်တာပေါ့။ သူငယ်ချင်းတွေနဲ့လည်း တူတူတွဲကစားချင်ပါတယ်။ စိတ်အားထက်သန်တာကတော့ ဘောလုံးဆိုတာကတော့ ငယ်ငယ်လေးကတည်းက ကန်လာတယ်ဆိုတော့ ကန်ချင်တယ်။ အခုလိုမျိုး ဥက္ကဌက ပြန်ပြီးလုပ်ပေးတဲ့အတွက် ဥက္ကဌကို တကယ်ပဲ ကျေးဇူးတင်တယ်”

အမေက ဘောလုံးပြန်ကန်ဖို့ ခွင့်မပြုတော့ဘူးလို့ ပြောတဲ့အပေါ်မှာ “အမေကတော့ ကျနော်နဲ့ တူတူထိုင်းကိုလိုက်လာတယ်။ အဲ့တော့ ကျနော်ခွဲထားတာတွေကို သူမြင်တယ်လေ။ ခွဲပြီးသွားရင် ကျနော်က ဘာမှလုပ်လို့မရတော့ဘူး။ သူကခံစားဖူးတဲ့အတွက် ထပ်ခွဲမှာကြောက်လို့ မသွားခိုင်းတော့တာပါ။ အခုကတော့ ကျနော်ကသွားချင်တယ်လို့ ပူဆာလို့ လွတ်လိုက်တာပါ”

ခြေထောက်ပြန်ကောင်းရင် ဘယ်အသင်းမှာ ပြန်ပြီးတော့ ကစားမလဲဆိုတဲ့ မေးခွန်းကိုတော့ “ကျနော်က အခုချိန်မှာတော့ ဘယ်အသင်းမှာ ကစားမယ်ဆိုတာကိုတော့ မတွေးထားသေးပါဘူး။ ကျနော်ခြေထောက်ပြန်ကောင်းဖို့ပဲ အာရုံစိုက်ထားပါတယ်”

အောင်သူနဲ့ရော ထိုင်းမှာတွေ့ဖို့ရှိလားဆိုတဲ့ အပေါ်မှာတော့ “သူကပွဲတွေရှိလားမသိပါဘူး။ သူလည်းအားချင်မှအားမှာလေ။ အဲ့ဒါကြောင့် မတွေ့ဖြစ်လောက်ဘူးလို့ ထင်တာပဲ”

မျက်နှာကဘာလို့အမြဲပြုံးနေတာလဲ ဆိုတဲ့အပေါ် “အပြုံးတွေကတော့ ကျနော်ကဒီတိုင်းနေလည်း ပြုံးနေတာကို။ အိမ်နာမည်ကလည်း ဖိုးပြုံးဆိုတော့ အမြဲတမ်းကျနော် ပြုံးနေတာ။ စိတ်ဆိုးမှသာ မဲ့တာ။ ပရိသတ်ကြီးလည်း စိတ်မပူကြပါနဲ့။ ကျနော့်ခြေထောက်ကို ဆေးကုပြီး အမြန်ပြန်လာပါမယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။ nanmalgyi