မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းသားများ ဆန္ဒပြနေ

95

“အကျဉ်းဦးစီးဌာန၊ မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းသားများ ဆန္ဒပြနေ´´

VOM

မေ ၉၊ မြစ်ကြီးနား ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနား အကျဉ်းထောင်တွင် အကျဉ်းသားများ ဆန္ဒပြနေကြ သည်။

ယနေ့(မေလ ၉ ရက်) နံနက်လေးနာရီဝန်းကျင်ခန့်မှ စ၍ အကျဉ်းသားများ ဆန္ဒပြနေကြသည့်အသံကို စတင်ကြားရခြင်းဖြစ်ကြောင်း မြစ်ကြီးနားအကျဉ်းထောင်အနီးရှိ လယ်ကုန်းရပ်ကွက် နေ ပြည်သူများက ပြောသည်။

“ထောင်ထဲက အော်နေတဲ့အသံတွေကတော့ မနက်လေးနာရီလောက်ကတည်းက ကြားနေရတာပဲ။ ငြိမ်သွားလိုက် ပြန်ဆူလာလိုက်ဖြစ်နေတာ´´ဟု လယ်ကုန်းရပ်ကွက်မှ မ—- က ပြောသည်။

ထောင်ဝင်စာလာရောက်တွေ့ဆုံသည့် အမျိုးသမီးတစ်ဦးကလည်း ထောင်ဝင်စာတွေ့ရန် မှတ်ပုံတင်ထပ်နေစဉ် အကျဉ်းထောင်အတွင်းမှ ဆူညံသံများကြားရပြီး ထောင်တံခါးပိတ်သွားခြင်း ဖြစ်သည်ဟု ပြောပြသည်။

“ကျွန်မရောက်တာ စောတယ်။ ၆ နာရီကျော်လောက်မှာ ရောက်တာ။ထောင်ဝင်စာလာတွေ့တာပါ။ ၇ နာရီလောက် မှတ်ပုံတင်ထပ်နေတုန်း အသံတွေကြားရပြီး ထောင်တံခါးပိတ်သွားတာပဲ´´အဆိုပါ အမျိုးသမီးက ပြောသည်။

လက်ရှိအချိန်ထိ အကျဉ်းသားများဆန္ဒပြတောင်းဆိုနေသည့်အသံကို ထောင်ဝင်းပြင်ပမှ ကြားနေရဆဲဖြစ်သည်။

ရွှေဘို၊ ကလေး အစရှိသည့် အကျဉ်းထောင်များတွင်လည်း ယခုရက်ပိုင်းအတွင်းဆူပူမှုများဖြစ်ပွားခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။

မြစ်ကြီးနားထောင်အတွင်းအခြေအနေနှင့်ပတ်သက်၍ ထောင်တာဝန်ရှိသူများထံမှ သတင်းထုတ်ပြန်မှုတစုံတရာ မရှိသေးသော်လည်း အကျဉ်းသားများ ဆန္ဒထုတ်ဖော်နေခြင်း ဟုတ်မှန်ကြောင်း ထောင်တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

“ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် နည်းနည်းပါ´´ဟု အဆိုပါတာဝန်ရှိသူက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းသက်သာပေးခဲ့ရာတွင် ပြန်လည်လွတ်မြောက်ခွင့် မရှိခဲ့သူများက အကျဉ်းသားများ တန်းတူညီမျှအခွင့်အရေးရရှိရေးအတွက် တောင်းဆိုကြခြင်းဖြစ်နိုင်ကြောင်း ထောင်ဝင်စာလာရောက်တွေ့ဆုံသူများနှင့် ရပ်ကွက်နေပြည်သူများက သုံးသပ်ပြောဆိုနေကြသည်။

#VOM #မြစ်ကြီးနားအကျဉ်းထောင် #အကျဉ်းသားများဆန္ဒပြ #လွတ်ငြိမ်းသက်သာခွင့်