ပန်ဆယ်လိုရဲ့ ဆုတောင်း နှင့် ဆရာဝန်မဆိုသူ မတ်မတ်မြ အကြောင်း…

272

ရွှေပြည်သာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အချင်းများခဲ့တဲ့ ဆရာဝန်မအကြောင်းတွေကို ထုတ်ဖော်ရေးသားလိုက်တဲ့ ပန်ဆယ်လို

လတ်တလောလူမှုကွန်ယက်မှာ ရေပမ်းအစားဆုံးနဲ့ လူတိုင်းစိတ်ဝင်စားမှုအရှိဆုံးအကြောင်းအရာလို့ ပြောလို့ရတဲ့ ဆရာဝန်မဆိုသူ အကောင့်ပိုင်ရှင်နှင့် ရွှေပြည်သာမီးသတ်တပ်ဖွဲ့ရုံး ကိစ္စနဲ့ ပတ်သက်ပြီး ပန်ဆယ်လိုမှ အခုလို လူမှုကွန်ယက်မှာ ရေးသား တင်ပြလာခဲ့ပါတယ်..။

လွန်ခဲ့တဲ့ သုံးလလောက်က YBSဒရိုက်ဘာက ကိုယ့်ကို တံခါးဖွင့်ဆဲလို့ ပြသနာ တက်ဖူးတယ်။ ဒေါသတွေထွက်တာ နတ်ပူးသလိုကို တုန်နေတာ။ YRTAကို ကားနံပါတ်၊ ဖြစ်စဉ်နဲ့တကွ အကုန်တိုင်တယ်။ ဝန်ကြီးဖုန်းနံပါတ်ရော၊ ဥက္ကဌဖုန်းနံပါတ်ရော အကုန်ရထားပြီ။ ဒီလူကို မပြုတ်ပြုတ်အောင် လုပ်တော့မဟဲ့ပေါ့။

တိုင်ပြီးနောက်နေ့မှာပဲ ခံဝန်နဲ့ လက်မှတ်ထိုးပြီး ဆဲဆိုတာ မဟုတ်ကြောင်း၊ အထင်လွဲမှားရင် တောင်းပန်ကြောင်း၊နောက်နောင် ဒါမျိုး မပြုမူတော့ကြောင်း YRTAဘက်က စာပို့လာတယ်။ မနေ့က ညမအိပ်နိုင်အောင် ထွက်ခဲ့တဲ့ဒေါသတွေ ပျောက်သွားတယ်။ ငါကန်ထုတ်ဖို့ လုပ်မိနေတာ သူများထမင်းအိုးပါလားဆိုတာ အသိဝင်လာတယ်။ ကျေနပ်လွန်းလို့ မဟုတ်ပေမယ့်၊ ကိုယ်မှန်တာ ရာနှုန်းပြည့် သေချာပေမယ့် ဒီကိစ္စ ဒီမှာတင် ရပ်လိုက်တယ်။

လူကိုယ်တိုင်လာတောင်းပန်မှ ကျေအေးမယ်၊ ကန်တော့ပြီးတောင်းပန်ရမယ်တို့ ဆက်ရစ်စရာအဆင့်တွေ ရှိပေမယ့် ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါတယ်။ သွေးအေးသွားတော့ အလုပ်ပြုတ်အောင် လုပ်မဟဲ့တွေးခဲ့မိတဲ့ ကိုယ့်စိတ်ကိုပါ ကိုယ်ဖန်ကိုယ် ရှက်မိနေတယ်။

ဘဏ်မှာလည်း ပြဿနာတက်ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် ဒီအချိန် မေလ ၂၃ရက်ထင်ရဲ့။ ငွေသွားအပ်တာ ငွေတုဆိုပြီး သိမ်းတဲ့ကိစ္စ။ ဘဏ်ဝန်ထမ်းနဲ့ ပြောတာ အဆင်မပြေတုန်း ဘဏ်မန်နေဂျာ ရောက်လာတယ်။ ဘဏ်မန်နေဂျာက အထက်ကအမိန့်မို့ပါဆိုပြီး တောင်းပန်စကားကို ကျေကျေလည်လည် ပြောတယ်။ ချက်ချင်းပဲ ကိုယ့်လေသံ ပျော့သွားတယ်။ စိတ်မရှိပါနဲ့ ညီမရယ်ဆိုတာ တစ်ခွန်းပဲ။

ဗဟိုဘဏ်က ငွေတုကို အပြင်မှာ ထုတ်နေသူတွေကို မထိန်းချုပ်ဘဲ ဘဏ်လာအပ်တဲ့ပြည်သူဆီက စောင့်ဖမ်းနေတဲ့ကိစ္စကိုပဲ ဝေဖန်ခဲ့တယ်။ ပြသနာဖြစ်တဲ့ဘဏ်ကိုလည်း ပြသနာမရှာခဲ့သလို အခက်တွေ့အောင် မလုပ်ခဲ့ဘူး။ ငွေတုကိုတောင် ဓါတ်ပုံရိုက်ခွင့်တောင်းပြီး ရိုက်လာခဲ့တယ်။ လူတွေကို ခွင့်ပြုချက်မရှိဘဲ မှတ်တမ်းယူဖို့ စိတ်မကူးခဲ့ဘူး။

ကိုယ်ပြောချင်တာက လောကမှာ ကိုယ်မှန်တာတစ်ခုတည်းနဲ့ မရဘူး။ ကိုယ်မှန်နေပါစေ၊ သေအောင် မှန်နေပါစေ၊ Limit ဆိုတာ ရှိတယ်။ အရာရာကို ငုံ့သည်းခံစရာ မလိုသလို ရပ်သင့်တဲ့အချိန် ရပ်ရမယ်ဆိုတာ သိဖို့လိုတယ်။

Service ပေးရတဲ့ နေရာတွေ၊ အများနဲ့ ယဉ်ကျေးစွာ ဆက်ဆံပေးနေရတဲ့ နေရာတွေမှာ Customer Right ဆိုတာကြီးကို အသုံးချပြီး တစ်ဖက်ကို တစ်ဆုံး နင်းချတာဟာ စိတ်ဓါတ်မပြည့်ဝတာပဲ။ ဘာဘွဲ့တွေပဲ ယူထားထား၊ သင်ထားတဲ့ပညာဟာ စိတ်ဓါတ်ကို မထိန်းကြောင်းနိုင်ရင် စာရွက်စုတ်သာသာပဲ။

ကားပါကင်ဝန်ထမ်းလေး ထိုင်ကန်တော့ပြီး အလုပ်ထွက်သွားရတာ၊ ဘဏ်ကလူတွေမှာ စားဝတ်နေရေးအရ မတရားတာမှန်းသိသိ ငုံ့ခံခဲ့ကြရတာ။

တကယ်လုပ်ရဲကိုင်ရဲ လက်ရဲဇက်ရဲ သေမထူး နေမထူးတွေကိုကျ ဘာမှမလုပ်ရဲဘဲ Service ပေးရတဲ့နေရာတွေမှာ၊ ကိုယ့်ကို ပြန်တုံ့ပြန်ခွင့် ပေးမထားတဲ့နေရာတွေမှာ စားဝတ်နေရေးအရ ငုံ့ခံနေရသူတွေကို ပြသနာရှာတာကျ ကြီးနိုင်ငယ်ညှင်းပဲ။

လောကမှာ အမှန်တရားက အရေးကြီးပါတယ်။ အမှန်တရားထက် အရေးကြီးတာက ကိုယ်ချင်းစာတရားပါပဲ။

တစ်နေ့နေ့မှာ သေမထူးနေမထူးတွေနဲ့ တွေ့ပြီး ဗိုက်ထဲ ဓါးမဝင်ပါစေနဲ့သာ ဆုတောင်းပေးပါတယ်။ အိ ပန် ဆယ် လို