နိုင်ငံရေးလောကဆိုတာ လူယုတ်မာတို့၏ ခိုလှုံရာဒေသ ဖြစ်တယ်လို့ပြောတဲ့ အိန္ဒိယဘုရင်ခံချုပ်ကို ပြန်ချေပခဲ့တဲ့ ဗိုလ်ချုပ်

61

အိန္ဒိယဘုရင်ခံချုပ်ကို ပညာသားပါပါတုန့်ပြန်လိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၆ ခုနှစ် တခုသောညနေတွင် ရန်ကုန်မြို့၊ အိစ်တင်းကလပ်ခေါ် ဂုဏ်သရေရှိ အနောက်တိုင်းသားတို့၏ အဖွဲ့အစည်းတခုက ရန်ကုန်မြို့ရောက် အိန္ဒိယဘုရင်ခံချုပ် လော့ခ် လူဝီမောင့်ဘက်တန် ( Lord Louis Mountbatten) အား ဂုဏ်ပြုသော ညစာ စားပွဲကြီးတွင်ဖြစ်သည်။

ဘုရင်ခံချုပ် မောင့်ဘတ်တန် ပြောသွားသော မိန့်ခွန်းထဲတွင်( Politics is the refuge of scoundrels )” နိုင်ငံရေးလောကဆိုတာ လူယုတ်မာတို့၏ ခိုလှုံရာဒေသ ဖြစ်တယ်” ဟူသော စာကြောင်းပါခဲ့သည်။

ဘုရင်ခံချုပ် က ထိုသို့မိမိဂုဏ်ပုဒ်နှင့် မလိုက်လျော့သည့် စကားတွေပြောပြီး ထိုင်ချလိုက်တော့ နယ်ချဲ့အလိုတော်ရိ မင်းပရိသတ်တို့က လက်ခုပ်သံတွေ တဖြောင်းဖြောင်းနှင့် သြဘာပေးကြလေ၏။

သို့သော်….လက်ခုပ်သံများ ကြားရ၍ မဆုံးမီမှာပင် ချောင်ကျသောနေရာမှာထိုင်နေသည့် ဗိုလ်ချုပ်အောင်ဆန်း က ရုတ်တရတ် နေရာမှထရပ်လိုက်သည်။

ဗိုလ်ချုပ်သည် စောစောက ဘုရင်ခံချုပ် စကားပြောခဲ့သော နေရာသို့ ခပ်သုတ်သုတ်ကလေး လျှောက်လာသည်။ပြီးတော့ အောက်ပါ အတိုင်း အစီအစဉ်တွင် မပါဘဲ မိန့်ခွန်းတရပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြောချလေတော့သည်။

“ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီး တို့ခင်ဗျား၊ အစီအစဉ်ထဲမှာ မပါဝင်တဲ့ လူတစ်ယောက်က ယခုလိုထပြီး ပြောလိုက်တော့ ခင်ဗျားတို့ထုံးစံအရ အလွန်ရိုင်းပျတယ်လို့ ထင်ကြမှာဘဲ။ ရိုင်းတယ်လို့ ထင်ရုံမကဘဲ လဲလို့ဘဲသေသေ၊ ကျုပ်ကတော့ဖြင့် ပြောစရာရှိတဲ့ စကားကိုပြောရမှာဘဲ။

ကျုပ်ပြောမှာကလည်းတခြား တော့မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တော်ကြီးရဲ့ သနားစရာကောင်းလှတဲ့ အဘိဓမ္မာကို ဝေဖန်ပြမယ့် အချက်ဖြစ်ပါတယ်။”

” နိုင်ငံရေး လောက ဆိုတာ လူယုတ်မာတွေ ခိုကိုးရာဒေသဖြစ်တယ်လို့ ဘုရင်ခံချုပ်က ပြောသွားပါတယ်။ ဒါဟာ ဥရောပနိုင်ငံများမှာတော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ ကျုပ်တို့ အရှေ့နိုင်ငံများ အယူအဆကတော့ ဘုရင်ခံချုပ်ကြီးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

ကျုပ်တို့ဆီမှာ နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်း၊ လောကတ္တစရိယ ကျင့်ကြံ အားထုတ်တဲ့ လုပ်ငန်း၊ ဒါဟာ ဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်တဲ့ တိဟိတ်ပုဂ္ဂိုလ်များ၊ ဘုရားလောင်းများသာ လုပ်နိုင်တဲ့လုပ်ငန်းဖြစ်တယ်”။

“အဲဒီလို အလွန်မွန်မြတ်တဲ့အထဲမှာ တခါတရံ လူယုတ်မာတွေ ပါလာကောင်းပါလာပါမယ်။ အဲဒါကြောင့် နိုင်ငံရေးအလုပ်ဟာ မကောင်းဘူးလို့ ဆိုရတော့မှာလား။

” ဥပမာတခု ပြောပါရစေ။ ဒီအဆောက်အဦးကြီးဟာ (အိုရီယင့်ကလပ် ကိုဆိုလိုသည်) လူအများစုဝေးဖို့ ဆောက်လုပ်ထားတယ်၊ အစောင့် အကြပ်ကင်းမဲ့ချိန်မှာ တခါတရံ ခွေးတွေတက်အိပ်နေကြတယ်ဆိုပါစို့။ အဲဒီလို ခွေးတွေတက်အိပ်နေတာကိုကြည့်ပြီး ဒီအဆောက်အဦးကြီးကို ခွေးတွေအိပ်ဖို့ဆောက်ထားဆိုရင်မှန်ပါ့မလား။ မမှန်ပါဘူး။”

” အဲဒါကြောင့် နိုင်ငံရေးဟာလည်း ဒီလိုပါဘဲ။ အလွန်မြင့်မြတ်ပါတယ်။ ဒီ အဆောက်အဦးကြီးပေါ်မှာ ခွေး တွေ တက်အိပ်နေသလို လူယုတ်မာတွေလည်း အလစ်မှာ နိုင်ငံရေးလောကထဲ ဝင်လာတတ်ပါတယ်။ အဲဒီလို ဝင်လာတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံရေးသမားစစ်စစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြေမပြတ် ဟန့်တား ဝိုင်းပယ်နိုင်သည်နှင့် အမျှ နိုင်ငံရေးလောကြီးဟာ သန့်ရှင်းစင်ကြယ် မွန်ုမြတ်လာပါလိမ့်မယ်။ ဒါဘဲ ကျုပ်ပြောချင်တာ။”

ဗိုလ်ချုပ်အောင်ဆန်း က ဤသို့ပြောချလိုက်ပြီး သူ့နေရာသူ ခပ်တည်တည်ဖြင့် ပြန်လာ ကာထိုင်နေလေသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုပြီးသွားသည်နှင့် အိန္ဒိယ ဘုရင်ခံချုပ် လော့ခ်လူဝီ မောင့်ဘတ်တန်သည် နေရာမှထရပ်ပြီး က်ခုပ်တီး၊ သြဘာပေးသည်။ ဘုရင်ခံချုပ်က စတင်၍ လက်ခုပ်တီးတော့မှ ကြွရောက်လာသော ပရိသတ်ကြီးလည်း၊ လက်ခုပ်သံ တဖြောင်းဖြောင်းနှင့် ကောင်းကောင်းကြီး သြဘာပေးကြတော့သည်။

ထို့နောက် ဘုရင်ခံချုပ်က…” ဒီနေ့ည စကားပြောကြတဲ့အထဲမှာ အစီအစဉ်ထဲမပါဘဲ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မိန့်ခွန်းဟာ အဖိုးတန်ဆုံးပါဘဲ၊ ကျွန်တော် ပြောချင်တာကတော့ ခပ်ပေါ့ပေါ့နိုင်ငံရေး လောကကို ပြက်ရယ်ပြုတဲ့စကားပြောမိပါတယ်။ အလွန်ဝမ်းနည်းပါတယ်။ ကျွန်တော်ပြောမိတဲ့ အချက်အလက်တွေကို ရုတ်သိမ်းပါတယ်ခင်ဗျာ” ဟု ပြောလေသည်။

credit. /NainglinAung