ကျောက်ကမ်းစိမ်းပါးပြိုကျမှုတွင် မြေပိသေဆုံးသူ (၆) ဦးဖော်ယူတွေ့ရှိ

22

တန်(၂၀၀) ခန့် ကျောက်စိမ်းပါးပြိုကျရာတွင် မြေပိသေဆုံးသူ (၆) ဦး ဖော်ယူတွေ့ရှိ …

၁၀.၂.၂၀၁၉နေ့ မွန်းလွဲ၁:၂၀ ခန့်က ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု စပေါ့ကျေးရွာအနီးမှာ တန်နှစ်ရာ နီးပါးအလေးချိန်ရှိတဲ့ ကျောက်တောင်ကမ်းပါးကြီးဟာ အမြင့်ပေ ၁၅၀ ကျော်ကနေ ရုတ်တရက် ပြိုကျခဲ့ပါတယ် ။ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပါးအောက်မှာ တပိုင်တနိုင်ကျောက်စိမ်းတူးနေသူ (၆) ဦးသေဆုံးသွားခဲ့ပါတယ် ။

သေဆုံးသူတွေဟာ မောင်စိုင်းသန်းလူ (၂၇)နှစ်၊ (ဘ)ဦး ဦးထန်ရင် ၊၁၃/သသန(နိုင်)၀၄၂၅၆၆ ၊ကွန်ကောက်ရွာ ၊ သိန္နီမြို့နယ် ၊ ရှမ်းပြည်မြောက်ပိုင်း ။မောင်စိုင်းစမ့်လျန်း (၂၃)နှစ်(ဘ)ဦးစိုင်းကြာလူ ၊ ၁၃/သသန(နိုင်)၀၄၂၅၆၈ ရှမ်း/ဗုဒ္ဓ ၊ ကွန်းကောက်ရွာ ၊သိန္နီမြို့ ၊ ရှမ်း/မြောက် ၊

ဦးစိုင်းဆာအေး(၅၆)နှစ်(ဘ) ဦးပူလွယ်ဆမ်အုံ ၊ ၁၃/သသန(နိုင်)၀၁၂၅၆၄ ရှမ်း/ဗုဒ္ဓ ၊ ကွန်းကောက်ရွာ ၊သိန္နီမြို့ ၊ ရှမ်း/မြောက် ၊မောင်ဆိုင်းနော်ခမ်း( ၁၇)နှစ်(ဘ)ဦးစိုင်းပန်းအောင်၊ ၁၃/သသန(နိုင်)၀၅၂၃၃၉ ရှမ်း/ဗုဒ္ဓ ၊ကွန်းကောက်ရွာ သိန္နီမြို့၊ရှမ်း/မြောက်မောင်မင်းဇော်( ၃၂)(ဘ)ဦးကျော်နိုင်၊၉/ သပတ(နိုင်)၀၅၃၂၅၀ ၊ ဗမာ / ဗုဒ္ဓ မှတ်တော်မူရွာ ၊ သပိတ်ကျင်းမြို့နယ် ၊မောင်မျိုးမင်းသန့် ( ၁၇)နှစ် (ဘ)ဦး အောင်သက်ဦး ၁/ဟပန(နိုင်)၀၂၀၄၅၄ ရှမ်း/ဗုဒ္ဓ တကွင်းကျေးရွာ ၊ဟိုပင်မြို့ တို့ဖြစ်ပါတယ် ။

အဆိုပါ လူ(၆)ဦးသေဆုံးခဲ့ရတဲ့အပြင် ကမ်းပါးပြိုကျတဲ့အနီးက လမ်းပေါ်မှာ သွားနေတဲ့ မြန်မာသူရ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီရဲ့ TEREX အမျိုးအစား မြေသယ်ယဉ်တစီးလဲ ဆုံးရှုံးသွားခဲ့ပါတယ် ။ မြေစာသယ်ကားဟာ လမ်းပေါ်မှာ မောင်းနေစဉ် တန်၂၀၀လောက်ရှိတဲ့ ကမ်းပါးကျောက်တုံးကြီးဟာ ရုတ်တရက်ကားရှေ့ပိုင်း ပေါ်ကို ပြုတ်ကျခဲ့တာလို့ ဆိုပါတယ် ။

“ ကားဆရာကတော့ မျက်ခုံးမှာ နဲနဲကွဲသွားတယ် ။ စိုးရိမ်စရာတော့မရှိပါဘူး ။အခုပြိုကျတဲ့ နေရာဟာ သက်တမ်းကုန်ထားတဲ့ လုပ်ကွက်ကမ်းပါးပြိုကျသွားတာ ။ ကျနော်တို့ကားက လမ်းမှာ သွားရင်းနဲ့ ဖြစ်သွားတာ ” လို့ မြန်မာသူရ ကုမ္မဏီတာဝန်ခံ ဦးပြောင်ကြီးက ပြောပါတယ် ။ သေဆုံးသူ ရုပ်အလောင်းတွေကို အဆိုပါ ကုမ္မဏီရဲ့ ကူညီရှာဖွေပေးမှုကြောင့် အားလုံး ရှာဖွေတွေ့ရှိခဲ့ပြီး လူမှုကူညီရေးအသင်းများက ကူညီ လုပ်ဆောင်ခဲ့ကြပါတယ် ။

မြင်မိ ၊ တွေးမိ တာလေးတွေ ပြောပါရစေ …

အရင်ဆုံးပြောချင်တာကတော့ သေဆုံးသူတွေရဲ့စိတ်ဓါတ်ပါ ။ ဖားကန့်တနယ်လုံးမှာ လုပ်ကွက်ထဲကို အချိန်ပိုင်းဝင်ခွင့်ရတဲ့အချိန်မှာ ဝင်ကြဘို့ စိုင်းပြင်းနေချိန်မှာ သူတို့ဟာ ကိုယ်းအားကိုကိုးပြီး လက်ကျင်းနေကြသူတွေ ဖြစ်လို့ပါပဲ ။ ဒါဟာ ဖားကန့်မှာ အများထဲက နည်းနည်းလေးသော လူတွေပဲ လုပ်ကြတာပါ ။

သူတို့လိုပဲ တူးမယ်ဆိုရင် ကိုယ့်အားကို ကိုးပြီး တူးလို့ရတဲ့နေရာတွေအများကြီးပါ ။ သူတို့ဟာ အသက်ကို ဉာဏ်မစောင့်နိုင်တဲ့ အသိလေး နဲနဲလိုအပ်တာကြောင့် အသက်ပါစတေးလိုက်ကြရတာကိုတော့ စိတ်မကောင်းပါဘူး ။

နောက်ဆုံးတော့ ဒီလိုတွေ ဘာ့ကြောင့် မကြာခဏဖြစ်နေရသလဲ ဆိုတဲ့ မေးခွန်းဆီကိုပဲရောက်သွားကြရတာပါပဲ ။ တာဝန်ရှိသူတွေ တာဝန်မဲ့နေသေးသ၍ ဒီလိုပဲ ဆက်ဖြစ်နေအုံးမှာပါပဲ ဆိုတဲ့ အဖြေပဲ ထွက်လာပါတယ် ။ ဖားကန့်မှာ ယခုလိုမျိုး ပြိုကျမဲ့ သက်တမ်းကုန် လုပ်ကွက် ကမ်းပါးပေါင်း ငါးဆယ်နီးပါး ရှိမယ်လို့ ကျနော်လေ့လာပြုစုထားတဲ့ မှတ်တမ်း ဗွီဒီယို နဲ့ ဓါတ်ပုံများအရ သိရှိရပါတယ် ။

ပထမဆုံး တာဝန်ရှိတာက အစိုးရပါ ။ နိုင်ငံတော်ရဲ့ စီနံခန့်ခွဲမှုဟာ အလွန်အရေးကြီးပါတယ် ။ တည့်မတ်မှန်ကန်ရင် သာယာစည်ပင်လာနိုင်သလို ၊လွဲချော်သွားခဲ့ရင်လည်း ဆုံးရှုံးနစ်နာမှုအတိုင်းအဆကြီးယုံမျှမက လူ့အသက်ပေါင်းများစွာ စတေးရတတ်ပါတယ် ။ ယနေ့ဖားကန့်ရဲ့ အနေအထားကို လက်လှမ်းမှီသလောက် focus ဖြတ်ကြည့်မိပါတယ် ။

လွဲနေတဲ့ စီမံခန့်ခွဲမှုတွေ တော်တော်များများတွေ့နေရတယ် ။ဘယ်အရာတွေတော့ တည့်နေသလဲ ကောင်းနေသလဲလို့ မေးရင်လည်း လက်ညှိုးထိုးပြစရာကို မတွေ့သေးပါ ။ ကောင်းအောင် လုပ်နေဆဲ ကြိုးစားနေဆဲကိုသာတွေ့ရပါတယ် ။

အရင်ဆုံးပြောချင်တာက ကျောက်မျက်လုပ်ကွက်တွေ လိုင်စင်သက်တမ်းတိုးမပေးတဲ့ကိစ္စပါ ။ ၂၀၁၆ ခုနှစ် ဧပြီလကစပြီး ကျောက်မျက် လုပ်ကွက်တွေ လိုင်စင်သက်တမ်းတိုးမပေးတော့ဘူးဆိုပြီး ကြေငြာလိုက်တယ် ။ အကြောင်းပြချက်က ကျောက်မျက်ဥပဒေသစ် ပြန်လည်ရေးဆွဲမှာမို့ တဲ့ ။ ဒါဟာအလွန်ကောင်းပြီး ကြိုဆိုရမဲ့ ကိစ္စမို့ ကျနော်တို့လဲ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ် ။ သို့သော် ကောင်းတာကို ပိုကောင်းအောင် မလုပ်ရင် ပိုဆိုးသွားတတ်ပါတယ် ။

ဘာတွေဆိုးသွားသလဲဆိုတော့……ဆက်ရေးပါ့အုံးမယ်….ဇော်မိုးထက်(ဖားကန့်)