မုသားသုံးပြီး အကူအညီတောင်းကာ ရင်ဘတ်နဲ့ကူညီနေသူတွေကို စော်ကားလိုက်ခြင်း။

581

မုသားသုံးပြီး အကူအညီတောင်းကာ ရင်ဘတ်နဲ့ကူညီနေသူတွေကို စော်ကားလိုက်ခြင်း။

ယနေ့ (23.2.2019) နေ့လည်(12:30) လောက်မှာ အသိတစ်ယောက်ကနေပြီး ဖုန်းနံပါတ်တောင်းပြီး အကူအညီတောင်းလာတဲ့ အတွက် ဘယ်လိုကိစ္စမျိုးလဲ ဆိုပြီးမေးလိုက်တော့.. မနက်(10)နာရီခန့်က ဘန်ကောက်ကပြန်ဆင်းလာတဲ့ သားအမိနှစ်ယောက် မြဝတီဘက်ခြမ်း အမှတ်(1) ချစ်ကြည်ရေးတံတားထိပ်မှာ ဟန်ဖုန်း(1)လုံးနဲ့ ငွေလဲရာမှာ ထိုင်းဘတ်ငွေ (5)သောင်း လိမ်ခံထိလို့တဲ့။

အဲ့ဒီအချိန်မှာ ကိုယ်ကလဲ ရွှေမြစန္ဒီအိမ်ယာဘက်မှာ ဘော်ဒိုဇာနဲ့လူမနေတဲ့အိမ်ခြံတွေကို ဖျက်နေတဲ့ သတင်းသွားယူနေလေတော့ ပြန်ပြောလိုက်ပါတယ် ကျနော် ဒီညနေပိုင်းလောက်မှ မြဝတီမြို့ထဲကို ပြန်ရောက်မယ် မြို့ထဲမှာရှိတဲ့ ကျနော့်ရဲ့ ပါတီဝင်တွေနဲ့အတူ လူမှုကွန်ယက်က လုပ်ဖော်ကိုင်ဘက် ကိုဝင်းဇော်တို့ကို လိုက်ပါဆောင်ရွက်ပေးဖို့ အကူအညီ တောင်းလိုက်ပါတယ်။

သူတို့တစ်တွေရဲ့ ချိတ်ဆက်ဆောင်ရွက်မှုနဲ့အတူ….

မြဝတီမြို့မရဲစခန်းက နယ်ထိန်းတွေဖြစ်ကြတဲ့ အမှတ်(4)ရပ်ကွက်နယ်ထိန်း ကိုထွန်းမင်းလတ်၊ အမှတ်(3)နယ်ထိန်း ကိုထွန်းတေဇာကျော်၊ အမှတ်(1)နယ်ထိန်း ကိုဖုန်းမြတ်အောင်တို့မှ လိမ်လည်သူများကို ဖမ်းဆီးရမိရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်မှုကြောင့် လိမ်လည်သူဟု အမည်တပ်ခံရသူ (3)ဦးကို ရဲစခန်းအရောက်ပို့ နိုင်ခဲ့ကြတဲ့အတွက် ရွှေမြစန္ဒီမှာ သတင်းယူပြီး ပြန်လာတဲ့ ကျနော်နဲ့ကိုသန့်စင်၊ ကိုဝင်းဇော်တို့မှ အကူအညီးတောင်းတဲ့ သားအမိကို ခေါ်ဆောင်ကာ ရဲစခန်းကို လိုက်သွားခဲ့ပါတယ်။

မြဝတီမြို့မ ရဲစခန်းကို ရောက်တော့…

တိုင်ကြားသူ သားအမိနဲ့ လိမ်လည်သူဟု အမည်တပ်ခံရတဲ့ သူတွေကို အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်မှုး အမှုစစ်အရာရှိ ဒုရဲအုပ် ကိုကျော်မျိုးဝင်း မှ ဖြတ်ထိုးညဏ်သုံးပြီး စစ်ဆေးခဲ့ရာမှာတော့….

အဖြစ်မှန်က ဒီလိုပါဗျ…

ကျနော်တို့ကို အကူအညီတောင်းတဲ့ ဖုန်းတစ်လုံးနဲ့ ဘတ်(5)သောင်း အလိမ်ခံရတယ်ဆိုတဲ့ သားအမိဖြစ်တဲ့ မထွေး(36)နှစ် ရခိုင်ပြည်နယ် ရမ်ဗြဲမြို့နေသူနှင့် မောင်စိုးမင်းနိုင်(18)နှစ် တို့မှာ ချစ်ကြည်ရေးတံတားထိပ်သို့ရောက်ရှိစဉ်

၎င်းတို့၏ ဖုန်းအား ယခုရဲစခန်းတွင် ဖမ်းဆီးရမိထားသည့်(ဖိုးထူး)ဆိုသူမှ ဖုန်းလိမ်လည်ယူဆောင်သွားသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ အခဲမကြေကာ ၎င်းတို့ငွေလဲသည့်နေရာမှာ ဘတ်ငွေ (530)ကို မြန်မာငွေ 25000ဖြင့်သာ လဲလှယ်ခဲ့သော်လည်းထိုသားအမိမှ ထိုနေရာတွင် ထိုင်းဘတ်ငွေ(5)သောင်း ပျောက်ဆုံးသွားသည်ဟု လိမ်လည်ကာ ကျနော်တို့ထံ အကူအညီတောင်းခံမိကြောင်း ဝန်ခံထွက်ဆိုခဲ့ပါသည်။

ထိုသို့ တာဝန်မှုး ဒုရဲအုပ် ကိုကျော်မျိုးဝင်းသာ အမှုမှန်ပေါ်ပေါက်အောင် မစစ်ဆေးခဲ့ပါက ရဲစခန်းသို့ရောက်ရှိနေသော အပြစ်မရှိပဲ လီဆည် တိုင်တောခံရသည့် သူများမှာ နာမည်ပျက်သလို အချုပ်အနှောင်ခံရပေဦးမည်။

ယခုလို အဆိုပါသားအမိ၏ လောဘစိတ်ဖြင့် မရိုးမသား လီဆည်ကာ အကူအညီတောင်းခံမှုကြောင့် ပြည်သူ့ဝန်ထမ်း ရဲတပ်ဖွဲ့ဝင်များလဲ အလုပ်ရှုပ်ခဲ့ရသလို ကျနော်တို့လို ပရဟိတစိတ်ဖြင့် ကူညီပေးနေသူတွေကိုလဲ စော်ကားသလို ခံစားလိုက်ရပါတယ်။

သို့ပေမယ့် တိုင်းရင်းသားတွေ ဆိုတဲ့အတွေးနဲ့ လီဆည်တိုင်ကြားတဲ့ သားအမိကို ထောင်ဒဏ်ကျနိုင်စေသည့် ပုဒ်မဖြင့် အမှုဖွင့် အရေးယူနိုင်သော်လည်း တာဝန်ရှိသူများနှင့် ပါဝင်ပတ်သက်သူများရဲ့ စာနာစိတ်ကြောင့် ခံဝန်ထိုးပြီး ပြန်လွတ်လိုက်ရပေမယ့်….

အဲ့ဒီ သားအမိကို ပြောလိုက်ချင်တာက ခင်ဗျားတို့တတွေ နောင်အခါမှာ…”မုသားနဲ့ အကူအညီတောင်းပြီး ရင်ဘတ်နဲ့ ကူညီနေသူတွေကို မစော်ကားမိကြပါစေနဲ့လို့..”နေနော်(မြဝတီ)