ဒီလူငယ်လေး (၅) ဦးလုံး ပျောက်နေလို့ မိဘများ အရမ်းစိတ်ပူနေလို့ပါ..

301

လူငယ်(၅)ဦး ပျောက်ဆုံးနေ၍ မိဘများ စိတ်ပူနေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အုတ်ဖိုလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ လူငယ်(၅)ဦးကို ထိုင်းနိုင်ငံမှာ အလုပ်ရမယ်လို့ဆိုကာ ခေါ်ဆောင်သွားပြီး လက်ရှိအဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ အဲဒီလူငယ်တွေရဲ့ မိခင်တွေက ပြောပါတယ်။ လူငယ်(၅) ယောက်ကတော့ အောင်သင်္ကြန်၊ ဝေလင်း၊ ကိုသူဟိန်း၊ လှမင်းထွန်းနဲ့ လွင်သူဟိန်းတို့ ဖြစ်ပြီး အသက် (၁၈) နှစ်ကနေ (၂၁) ကြားအရွယ်တွေလို့ လည်းသိရပါတယ်။

မတ်လ(၄)ရက်က မိဘအုပ်ထိန်းသူတွေကို မပြောဆိုပဲ ထွက်သွားတာဖြစ်ပြီး အဆက်အသွယ်ရရှိချိန်မှာတော့ မြ၀တီက လူပွဲစားတစ်ဦးက အလုပ်သွင်းပေးမယ်ဆိုပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခေါ်ဆောင်သွားတယ်ဆိုတာကို သိရှိရတယ်လို့ လှမင်းထွန်းရဲ့မိခင် ဒေါ်နွယ်က ပြောပါတယ်။ ခေါ်ဆောင်သွားပြီး (၅)ရက်အထိ အဆက်အသွယ်တွေ ရနေပေမယ့် ဖုန်းနံပါတ်မေးလိုက်တဲ့အတွက် တဖက်ပွဲစားက အဆက်အသွယ်ဖြတ်လိုက်တယ်လို့ ဒေါ်နွယ်က ပြောပါတယ်။

အဲဒီ လူငယ်တွေဟာ မော်လမြိုင်ကနေ မြ၀တီကို မော်တော်ယာဉ်မောင်းနှင်နေတဲ့ ၀တုတ် ဆိုသူက မြ၀တီက ပွဲစားဆီကို ပို့ပေးတာကို သိရှိခဲ့ရတယ်လို့ ပြောပါတယ်။ မြ၀တီကနေတဆင့် ဘန်ကောက်မြို့ကို အမျိုးသမီးပွဲစားတစ်ဦးက လူငယ်(၁)ယောက် ကျပ်(၈)သိန်းနဲ့ ထည့်ပေးလိုက်တာဆိုတာကို သိရတယ်လို့ လွင်သူဟိန်းမိခင်ဖြစ် ဒေါ်နီနီထွန်းက ပြောပါတယ်။

အဲ့ဒီလို လူငယ်(၅)ယောက်နဲ့ အဆက်အသွယ်မရတော့တဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ သက်ဆိုင်ရာ ရဲစခန်းနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့တွေကို အကြောင်းကြားခဲ့ပေမယ့် လူငယ်တွေဟာ သူတို့သဘောအတိုင်း ထွက်သွားတာဖြစ်လို့ လူကုန်ကူးမှုမမြောက်ဘူးလို့ ပြောသလို၊ လူငယ်တွေ အကူအညီတောင်းမှ ဥပဒေတိုင်းဆောင်ရွက်နိုင်မယ့် သဘောပြောဆိုတယ်လို့ လူငယ်(၅)ယောက်ရဲ့ သက်ဆိုင်သူ အုပ်ထိန်းသူတွေက ပြောပါတယ်။

ပွဲစားအမျိုးသမီးရဲ့ ထိုင်းဖုန်းကိုဆက်သွယ်နေပေမယ့် ဖုန်းမကိုင်တာ ဖုန်းပိတ်တာ တွေပြုလုပ်နေပြီး၊ အခြားဖုန်းနဲ့ ဆက်သွယ်ပေမယ့် လူငယ်တွေနဲ့တော့ ဖုန်း တစ်ခါမှ ပေးမပြောဘူးလို့လည်း ပြောကြပါတယ်။

တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးတာ မရှိတဲ့အတွက် ဘယ်လိုဆောင်ရွက်ရ မလဲဆိုတာကို မသိသလို၊ လူကုန်ကူးခံရပြီး အသက်အန္တရာယ်အတွက် စိုးရိမ်မိတယ်လို့ လူငယ်(၅)ယောက်ရဲ့ အုပ်ထိန်းသူတွေက ပြောပါတယ်။

သတင်း – ဗထူး One News