ခရုချောင်းအနီးတ၀ိုက် လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်

469

မြန်မာအစိုးရတပ်မှ ခရုချောင်းအနီးတ၀ိုက် လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်

ရသေ့တောင်မြို့နယ်မြောက်ပိုင်း အစိုးရတပ်မှ လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက် ။ နိရဉ္စရာ၊ မတ်လ ၂၆/ ၂၀၁၉ ။ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ခရုချောင်းအနီးတ၀ိုက်ကို ယနေ့ ညနေ ၃ နာရီခန့်က မြန်မာ့အစိုးရ စစ်တပ်မှ လေယာဉ် ၂ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“ ရဟတ်ယာဉ် မဟုတ်ပါ။ အတောင်တွေလည်း ပါပါတယ်။ အ တောင်မှာ ဗုံးတွေ တပ်ထားပါတယ်။ ၂ စီးပါ။ စက်သေနတ်နဲ့လည်း ပစ်ပါတယ်။ ၁၅ မိနစ်လောက်၊ မိနစ် ၂၀ လောက် တိုက်ခိုက်ပါတယ်။ ဗုံးလည်း ကြဲပါတယ်။ တိုက်ခိုက်တဲ့ နေရာက ခရုချောင်းနဲ့ ပဲသဒူအကြား လယ်ကွင်းတွေကြားတွေမှာ ရှိနေတဲ့ တောင်ကုန်းလေးတွေကို ပစ်တာပါ” ဟု ၎င်းအနီးအနားရှိ ကျေးရွာသား တစ်ဦးက ပြောသည်။

၎င်းလေယာဉ် နှစ်စီးသည် ခရုချောင်းရွာပေါ် လှည့်ပတ် ၀ဲပျံကာပစ်နေခြင်း ဖြစ်ကြောင်း သိရသည်။“ ခရုချောင်းရွာက ရွာသားအများအပြား ပိတ်မိနေပါတယ်။ ရွာသား ၆၀၊ ၇၀ ခန့် ရှိပါတယ်။ အခု အရမ်းစိုးရိမ်နေကြပါတယ်” ဟု ပြောကြားသည်။

ခရုချောင်းနှင့် ပဲသဒူရွာအကြားတွင် ယနေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီထိ အစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီခန့်တွင် လေယာဉ် ၂ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ အသံတွေတော့ ကျယ်လောင်စွာကြားရပါတယ်။ ဗုံးကြဲတယ်ထင်ပါတယ်။ အကုန်လုံး မီးခိုလုံတွေနဲ့ မိုင်းရှုပ်နေပါတယ်။ အသံတွေဘဲ ကြားရပါတယ် စက်သေနတ်သံတွေကိုတော့ အတွဲလိုက် ကြားရပါတယ်” ဟု ပြောကြားသည်။

၎င်းလေယာဉ် ၂ စီးမှာ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်က ပြန်လည် လှည့်ပျံသွားပြီး နောက်ထပ် တိုက်ခိုက်မှု လုပ်/ မလုပ်ကို စိုးရိမ် ထိတ်လန့်စွာဖြင့် စောင့်ကြည့်နေကြသည်ဟု ၎င်းရွာသားပြောဆိုသည်။နိရဉ္စရာ ဓါတ်ပုံ – သရုပ်ဖော်ပုံဖြစ်ပါသည်။